သွားကျောက်ကို ပုံမှန်မခြစ်တဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ
သွားကျောက်ဖြစ်ပေါ်လာပုံ
အစားအစာတွေကနေ အချိုဓာတ်၊ ကစီဓာတ်တွေ သွားပေါ်မှာ စုပုံလာပြီး ဘက်တီးရီးယားပိုးတွေနဲ့ ရောသွားတဲ့အခါ အဝါရောင်ရှိပြီး အနံ့ပြင်းတဲ့ အရိအချွဲတွေ (Dental Plaque) ဖြစ်ပေါ်လာပါတယ်။ သွားပုံမှန်တိုက်ပေးခြင်း၊ သွားပွတ်ကြိုး (Dental Floss) ထိုးခြင်း စတဲ့အလေ့အကျင့်တွေနဲ့ ဒီအရိအချွဲတွေကို သန့်စင်ပေးနိုင်တယ်ဆိုပေမယ့် လိုတာထက်ပိုပြီး အရိအချွဲတွေ များလာတဲ့အခါ သွားပေါ်မှာကပ်ကျန်ခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ဒီအရိအချွဲတွေက မာပြီးခဲသွားတာကနေ သွားကျောက် (Tartar) ဖြစ်လာပါတယ်။ သွားကျောက်ဆိုတာ သဘာဝသွားပေါ်၊ သွားကြားနဲ့ ပတ်လည်မှာ ဖုံးလွှမ်းနေတဲ့ အဝါရောင်အနည်ကျောက်တွေဖြစ်ပြီး ခံတွင်းနံ့ကို ဆိုးဆိုးရွားရွား နံစေပါတယ်။ ဒါ့အပြင် သွားကျောက်တွေ ကပ်နေသမျှကာလပတ်လုံး သွားနဲ့ခံတွင်းကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အတွက် (၆) လ တစ်ကြိမ် သွားဆေးခန်း ပုံမှန်ပြပြီး သွားနဲ့ခံတွင်းသန့်ရှင်းရေးကို လုပ်ပေးဖို့ လိုအပ်ပါတယ်။
ဘယ်သူတွေမှာ သွားကျောက်ဖြစ်နိုင်ခြေ ပိုများလဲ
- အချိုဓာတ်၊ ကစီဓာတ် စားသုံးမှုများသူတွေ
- ကျန်းမာရေးပြဿနာနဲ့ ရောဂါဆေးတွေကြောင့် ခံတွင်းခြောက်သူတွေ
- ဦးခေါင်း၊ လည်ပင်း ဓာတ်ရောင်ခြည်သင့်ထားသူတွေ
- ဆေးလိပ်သောက်သူတွေ
- ခံတွင်းသန့်ရှင်းရေး ပုံမှန်မလုပ်သူတွေ
- ညအိပ်ချိန်မှာ အစာထစားတတ်သူတွေမှာ သွားကျောက်ဖြစ်နိုင်ခြေ ပိုများပါတယ်။
သွားကျောက်မခြစ်ရင် ဘာတွေဖြစ်နိုင်လဲ
၁။ ခံတွင်းအနံ့ဆိုးတွေ ပိုပြင်းသထက်ပြင်းလာမှာဖြစ်ပြီး လူအများနဲ့ ဆက်ဆံစကားပြောတဲ့အခါမှာ တခြားသူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
၂။ သွားကျောက်တွေဟာ ဆရာဝန်ကိုယ်တိုင် ခြစ်ထုတ်မှပဲ ကွာကျနိုင်ပါတယ်။ ဒီအတွက် သွားကျောက်မခြစ်ရင်တော့ သွားကျောက်တွေက သွားပေါ်မှာ ဒီအတိုင်း ကျန်ခဲ့မှာဖြစ်ပြီး သွားတိုက်လိုက်တဲ့အခါ သွားကိုတိုက်တာမဟုတ်ဘဲ သွားကျောက်ကိုတိုက်သလို ဖြစ်နေတဲ့အတွက် ရေရှည်မှာ သွားကို ဆွေးမြေ့ထိခိုက်စေနိုင်ပါတယ်။
၃။ သွားကျောက်ဆိုတာ သွားပေါ်က အုံခဲနေတဲ့ ဘက်တီးရီးယားအစုအဝေးဖြစ်သလို အချိုဓာတ်၊ အက်စစ်ဓာတ်တွေ၊ ကစီဓာတ်တွေ ပိုမိုစုဝေးနေပြီး သွားကို အနီးကပ်ထိခိုက်ပျက်စီးစေကာ သွားပိုးပေါက်တွေ ဖြစ်လာစေနိုင်ပါတယ်။
၄။ လိုတာထက်ပိုပြီး ခံတွင်းထဲ ရောဂါပိုးမွှားတွေ များနေခြင်းကြောင့် ခံတွင်းနဲ့ ဆက်စပ်ရောဂါတွေ ရစေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကို ကျဆင်းစေလို့ အပြင်ကဝင်လာတဲ့ရောဂါပိုးတွေကို ကာကွယ်နိုင်မှု နည်းသွားပါတယ်။
၅။ သွားကျောက်တွေဟာ သွားကိုသာမက သွားဖုံးကိုပါ ထိခိုက်ပျက်စီးစေပြီး သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုစီးတာ၊ ရေစီးကမ်းပြိုလိုက်တာအပြင် ခံတွင်းကင်ဆာအထိပါ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်သွားပေါ်မှာ အဝါရောင်ကျောက်တွေ ဖြစ်နေပြီဆိုရင် သွားဆေးခန်းပြပြီး ဒီကျောက်တွေကို ခြစ်ထုတ်ပေးပါ။ ဆရာဝန်ကိုယ်တိုင် မိနစ်အနည်းငယ်အတွင်း ခြစ်ထုတ်လိုက်ရုံနဲ့ ပျောက်ကင်းသွားနိုင်တဲ့အတွက် မလိုအပ်ဘဲ ကိုယ့်ကိုယ်ကို အထိခိုက်ခံပြီး ရောဂါတွေ မယူတာ အကောင်းဆုံးဖြစ်မှာပါ။
ဒီလို အဝါရောင်အရိအချွဲတွေ၊ သွားကျောက်တွေ ဖြစ်နိုင်ခြေကို လုံးဝမကာမကွယ်ပေးနိုင်ပေမဲ့ လျှော့ချနိုင်ဖို့
၁။ သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ပုံမှန်လုပ်ပေးပါ။
၂။ အချိုနဲ့ ကစီဓာတ်စားသုံးမှုကို ထိန်းညှိလျှော့ချပါ။
၃။ ညအိပ်ကာနီးမှာ အစာစားတာကို ရှောင်ပါ။ စားလိုက်မိရင်လည်း သွားတိုက်တာမဟုတ်ရင်တောင် ပလုတ်ပြန်ကျင်းပေးပါ။
၄။ သွားပွတ်ကြိုးအသုံးပြုပြီး သွားကြားထဲ ကပ်နေနိုင်တဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပါ။
၅။ ရေများများသောက်ပေးပါ။
၆။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ ညဘက်မှာသွားတိုက်ပြီးရင် ဆားငန်ရည်နဲ့ တစ်ရက်ခြားတစ်ကြိမ်လောက် ပလုတ်ကျင်းပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။
၇။ သွားဆေးခန်းကို (၆) လ တစ်ကြိမ်သွားပြပြီး သန့်ရှင်းရေးလုပ်ပေးပါ။
ရဲမျိုးမြတ်
kello 02 Jul 2023 |